ကဝ ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့နံနက် (၁၁)နာရီက ကြာတောရွာသစ်ကျေးရွာအတွင်းရှိ ဖိုးရာဇာစာကြည့်တိုက်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ကျေးရွာစာကြည့်တိုက်များပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်ကော်မတီဝင်များ ဖွဲ့စည်းဆောင်ရွက်ရန်၊ အဆောက်အဦးများပြန်လည်မွန်းမံရေး၊ ကျေးရွာနေပြည်သူများ အသိပညာဗဟုသုတတိုးပွားလာစေရေးအတွက် စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန်၊ စာအုပ်စာစောင်များမပျောက်ပျက်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် စာကြည့်တိုက်ကော်မတီဝင်များအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ စာကြည့်တိုက်အရှေ့တွင် အရိပ်ရအပင်နှင့် သီးပင်စားပင်များ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)