လှိုင်းဘွဲ ဇွန် ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံ-နဘူးမော်တော် ကားလမ်းလမ်းဘေးဝဲယာ၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်ရှိန်းအောင်၊ အဖွဲ့ဝင်(၂) ဦးမြတ်စိမ်းနှင့် အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်များ ကွပ်ကဲရေးအဖွဲ့အမှတ်(၂) တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး စောကြာအင်း၊ အမှတ်(၁၀၁၅) နယ်ခြားစောင့်တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူး ဝင်းနိုင်စိန်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ တာပေါင်ကျေးရွာနှင့် အောက်ရေပူ ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ပူးပေါင်းပါဝင်စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအဖြစ် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်မြှင့်တင်ဆောင် ရွက်နေလျက်ရှိကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းအားဖြင့် နောင်လာနောက်သားများကို အဖိုးထိုက်တန်သည့် သဘာဝအမွေအနှစ်များကို လက်ဆင့်ကမ်းပေးအပ်သွားနိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။
ထို့နောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ(ပထမအကြိမ်)ကို တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့မှ အရာရှိနှင့် အကြပ်စစ်သည်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရွာသားများက မန်ဂျန်ရှား၊ ကျွန်း၊ ပိတောက်၊ ပျဥ်းကတိုး၊ မဟော်ဂနီ၊ ကံ့ကော်စုစုပေါင်း ပျိုးပင် ၈၈၅ပင် တို့ကို စုပေါင်း၍စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)