ငါးသိုင်းချောင်းမြို့ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ပြုလုပ်

ငါးသိုင်းချောင်း ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီက စာပေချစ်သူများအသင်း (Book Club)နှင့် လူငယ်အသင်း(Youth Club)တို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း”စာအုပ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခင်မာလာအောင်က လူငယ်များ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတများ ရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် (Book Club)အဖွဲ့ဝင် ဦးမြင့်ဆွေက “အောင်မြင်ဖို့တည်ဆောက်ခြင်းနှင့်အမြင်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဦးမောင်မောင်တိုးက “လူငယ်နှင့်စူးစမ်းလေ့လာမှုများ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Youth Club) အဖွဲ့ဝင် ဦးမျိုးမင်းခန့်က “အသုံးကျခြင်းနှင့် နှလုံးလှခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းဖြင့် လူငယ်၊ လူရွယ်များ၊ စာဖတ်သည့် အလေ့အကျင့်ရှိလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)