ကလိန်အောင် ဇွန် ၁၆
သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မိတ်ဖက်ကုမ္ပဏီများ၊ CSR အဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာ/အဖွဲ့အစည်းများနှင့် စီမံကိန်းဧရိယာမှ ဒေသခံပြည်သူများ ပူးပေါင်း၍ တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများကို ကာကွယ်ထိန်းသိမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် “နေရင်းဒေသပြန်လည် တည်ထောင်ရေး မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲ” ကို ယနေ့ နံနက် ၉ နာရီအချိန်က တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းရေးလမ်း (Service track) တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲ အခမ်းအနားသို့ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ ဥယျာဉ်အုပ်ချုပ်ရေးမှူးနှင့် စီမံကိန်းဝန်ထမ်းများ၊ ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကိုယ်စားလှယ်အရာရှိများ၊ PTTEP International Limited မှ Site Manager Mr.Pricha Chitta၊ Safety Supervisor Mr.Pongsak နှင့် ဝန်ထမ်းများ၊ ရတနာလူမှုစီးပွားစီမံကိန်းမှ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက် ခဲ့ကြပြီး ဒေသမျိုးရင်းသစ်မျိုးများနှင့် တောရိုင်းတိရစ္ဆာန် အထောက်အကူပြုသစ်မျိုးများဖြစ်ကြသည့် ပျဉ်းကတိုး (၂၅၀) ပင်၊ ဥပန်းကရား (ဖွတ်မတက်) (၁၀၀) ပင်၊ တောင်ကံ့ကော် (၅၀) ပင်၊ သင်္ကန်း (၅၀) ပင်၊ သပြေ (၅၀) ပင်၊ ကညင် (၂၀) ပင်၊ သစ်ရှို (၂၀) ပင် စုစုပေါင်း (၅၄၀) ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)