ကျိုင်းတုံမြို့၌ ဆေးဖက်ဝင်အပင်မျိုးစိတ်များ စုဆောင်ခြင်း၊ ပျိုးထောင်ခြင်း၊ ပြုစုထိန်းသိမ်းခြင်း နည်းပညာအ‌ထောက်အကူပြုသင်တန်းဖွင့်လှစ်

ကျိုင်းတုံ ဇွန် ၁၆

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃)၏ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင်အပင်မျိုးစိတ်များ စဉ်ဆက်မပြတ်အသုံးပြု ခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းစီမံကိန်း လုပ်ငန်းတစ်ရပ်ဖြစ်သည့် ‌ဆေးဖက်ဝင်အပင်မျိုးစိတ်များ စုဆောင်းခြင်း၊ ပျိုးထောင်ခြင်း၊ ပြုစုထိန်းသိမ်းခြင်း နည်းပညာအထောက်အကူပြုသင်တန်းဖွင့်ပွဲကို ဇွန် ၁၅ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဟွမ်ဟိန်းဟိုတယ်တွင် ကျင်းပခဲ့ သည်။

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သစ်တောဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရဲထွန်းက စီမံကိန်းဒေသဖြစ်သည့် ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံ၊ မိုင်းယောင်း၊ တာချီလိတ်ခရိုင်များအတွင်းရှိ သဘာဝအလျောက်ပေါက်သော ဆေးဖက်ဝင် အပင်မျိုးစုံမျိုးကွဲများ စာရင်းကောက်ယူ၍ သိပ္ပံနည်းကျ မျိုးခွဲစစ်ဆေးလေ့လာဖော်ထုတ်ရန်၊ ဌာနေတိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာရ ဆေးဖက်အသုံးပြုအပင်များ လေ့လာဖော်ထုတ်မှတ်တမ်း တင်ရန်နှင့် ဆေးဖက်ဝင်အပင်မျိုးစိတ်များ၏ ဓာတုဒြပ်ပေါင်းပါဝင်မှုများကို သိပ္ပံနည်းကျ စမ်းသပ်လေ့လာ‌ဖော်ထုတ်ရန်၊ မြန်မာနိုင်ငံမဲခေါင် မြစ်ဝှမ်းဒေသအတွင်း အများဆုံးအသုံးပြုသည့် ဆေးဖက်ဝင်အပင်များ စာအုပ်ထုတ်ဝေနိုင်ရန်၊ သဘာဝဆေးဖက်ဝင်အပင်မျိုးစိတ်များကို စီမံအုပ်ချုပ်နိုင်ရန် မျိုးပွားစိုက်ပျိုးခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်း၊ လက်ဆင့်ကမ်းဖြန့်ဝေနိုင်ခြင်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားသည်။ သတန်းဖွင့်ပွဲသို့ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ဒေသတိုင်းရင်းဆေးဆရာများ တက်ရောက် သည်။

အဆိုပါ သင်တန်းကို ဇွန်လ ၁၅ ရက်မှ ၁၈ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား ၂၀ ဦး တက်ရောက်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)