ခန္တီးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ခန္တီး ဇွန် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် ကျောင်းသား/သူလေးများအား အသိပညာဗဟုသုတများတိုးပွားလာပြီး ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအလယ်တန်းကျောင်း(ဇီးဖြူကုန်း)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ အ.လ.က(ဇီးဖြူကုန်း)မှ အလယ်တန်းပြဆရာမ ဒေါ်ခင်ငြိမ်းက အဖွင့်အမှာစကားပြောကြားကာ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဉီးစီးအရာရှိ ဉီးသီဟထက်အောင်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ရုပ်သံကျွမ်းကျင်-၃ ဒေါ်တင်မာဉီးက စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဉီးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က စာဖတ်ခြင်းအကျိုးကျေးဇူးခေါင်းစဉ်ဖြင့်လည်ကောင်း အကျယ်တဝင့် ဟောပြောခဲ့ကြသည်။

ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်ကြသည့် ကျောင်းသား/သူလေးများက ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေး သုတ/ရသ စာအုပ်/စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)