ဖျာပုံ ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး၊ အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြသဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ ကာယဥာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ်ပိုင်း အချိန်က အဆိုပါရုံးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး၊ အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောရာတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာလွင်က မူးယစ်ဆေးဝါး၏ ဆိုကျိုးများအကြောင်း အသိပညာပေးဟောပြောပြီး မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲကို ပါဝင်ယှဥ်ပြိုင်ကြရာ ပြိုင်ပွဲအလိုက် ဆုရရှိကြသူများအား ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်နှင့် ဒုတိယဦးစီးမှူး ဒေါ်ခိုင်နွယ်လတ်တို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ စာအုပ်စာစောင်များ ပြသခြင်းနှင့် အသိပညာပေးစာစောင်များဖြစ်သော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ၊ မူးယစ် ဆေးဝါးအန္တရာယ် အသိပညာပေး၊ လူကုန်ကူးမှုအန္တရာယ် ကင်ဝေးရေးအသိပညာပေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေး နံရံစာစောင်များအား ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)