မော်လမြိုင်ကျွန်း ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် တယ်ချောင်းကျေးရွာတွင် နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က တယ်ချောင်းကျေးရွာ အခြေခံမူလတန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါကျေးရွာတွင် နယ်လှည့်ဟောပြောပွဲပြုလုပ်ရာ၌ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နုနုအေးက စာအုပ်စာပေလူ့မိတ်ဆွေအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်အဖြစ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကိုပြသရာ ကျောင်းသား/ သူလေးများနှင့် ဒေသခံများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။ ထို့နောက် မြို့နယ် (၁၆) ကုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ် ဒေါ်မိုးမိုးအေးက ကျန်းမာရေးပညာပေးသိကောင်းစရာများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆရာ/ဆရာမများက ဒေသခံပြည်သူများအား အခမဲ့ဆေးကုသခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)