ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲကျင်းပ

ကျိုက်လတ် ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး‌ဆွေးနွေးပွဲကို အမှတ်(၁)‌ အခြေခံပညာ အထက်တန်းကျောင်း (မြစန္ဒီ)ခန်းမ၌  ယနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် မြို့နယ်အဆင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး ဝိုင်းဝန်းကြိုးပမ်း အကောင် အထည်ဖော်သွားကြရန် အဖွင့်အမှာစကား‌ ပြောကြားခဲ့သည်။ ထို့နောက် ဖျာပုံခရိုင် ပညာရေးမှူး ဆရာမကြီး ဒေါ်အေးမြင့်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးထင်အောင်ကျော်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့်ပတ်သက်၍ ဆောင်ရွက် ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲသို့ ဖျာပုံခရိုင် ပညာရေးမှူး ဆရာမကြီး ဒေါ်အေးမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊  မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးထင်အောင်ကျော်နှင့် အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်