တောင်ငူ ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီအချိန်က မင်းကြီးညိုလမ်း၊ (၁၉)ရပ်ကွက်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တောင်ငူမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်၊ နာရေးစရိတ်၊ ယာယီမသန်စွမ်းမှု၊ မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေးတိုင်းတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေး တိုင်းတာဝန်ခံအရာရှိက တောင်ငူဒေသ(သစ်ထုတ်လုပ်ရေး)မှ အာမခံအလုပ်သမား ဦးသိန်းထိုက်၏ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် (၉၀၀၀၀၀၀/-)ကို အစ်ကိုဖြစ်သူ ဦးယုတင်ထံသို့လည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးသန်တာစန်းက မြန်မာ့မီးရထားအလုပ်ဌာနမှ အာမခံအလုပ်သမား ဦးမျိုးဝင်း၏ နာရေးစရိတ်အကျိုးခံစားခွင့် ငွေကျပ် (၉၉၀၀၀၀/-)ကို ဇနီးဖြစ်သူ ဒေါ်စန်းထံသို့လည်းကောင်း၊ ကျန်ယာယီမသန်စွမ်းမှု၊ မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ရသူများအား တာဝန်ရှိသူများက ကာယကံရှင်များထံသို့ ပေးအပ်ခဲ့ကြောင်းနှင့် ယနေ့တွင် အကျိုးခံစားခွင့် စုစုပေါင်းငွေကျပ် (၁၁၄၈၄၅၂၁ ဒသမ ၈၇/-)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)