လှိုင်းဘွဲမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီလမ်းဘေးဝဲယာ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား (ပထမအကြိမ်)ကျင်းပ

လှိုင်းဘွဲ ဇွန် ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံ-နဘူးမော်တော်ကားလမ်း၊ လမ်းဘေးဝဲယာ (၄ ဒဿမ၅)ကီလိူမီတာ၌ ၂၀၂၄ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်ရှိန်းအောင်၊ အဖွဲ့ဝင်(၂) ဦးမြတ်စိမ်း၊နှင့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်များကွပ်ကဲရေးအဖွဲ့ အမှတ်(၂)တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး စောကြာအင်း၊ အမှတ်(၁၀၁၅)နယ်ခြားစောင့်တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးဝင်းနိုင်စိန်နှင့်တပ်ဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ တာပေါင်ကျေးရွာနှင့် အောက်ရေပူကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ပူးပေါင်းပါဝင် စိုက်ပျိုးခဲ့ကြသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက ဂေဟစနစ်နှင့်ဇီဝမျိုးစုံမျိုးကွဲများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအဖြစ် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်မြှင့်တင် ဆောင်ရွက်နေလျက်ရှိကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းအားဖြင့် နောင်လာနောက်သားများအား အဖိုးထိုက်တန်သည့် သဘာဝအမွေအနှစ်များကို လက်ဆင့်ကမ်းပေးအပ်သွားနိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းအမှာစကားပြောကြားပေးခဲ့သည်။

ထို့နောက်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ(ပထမအကြိမ်)ကို တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့မှအရာရှိနှင့် အကြပ်စစ်သည်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရွာသားများက မန်ဂျန်ရှား(၈၈၀)ပင်၊ ကျွန်း(၁)ပင်၊ ပိတောက်(၁)ပင်၊ ပျဥ်းကတိုး(၁)ပင်၊ မဟော်ဂနီ(၁)ပင်၊ ကံ့ကော်(၁)ပင်၊ စုစုပေါင်း သစ်ပင်(၈၈၅)ပင်ကို စုပေါင်း၍ စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)