အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)၌ ၂၀၂၄ ခုနှစ်၊ ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

တောင်ငူ ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဝင်းသူဦးဆောင်၍ ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၄ ခုနှစ်၊ ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ဇနီးတို့မှ လူထုဖြန့်ပျိုးပင်များပေးအပ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးပရဟိတအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ စုစုပေါင်း (၃၅၀)ဦးခန့်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အထိမ်းအမှတ် သစ်ပင်ပျိုးပင်များ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ မန်ဂျန်ရှား၊ စိန်ပန်းကြီး၊ ကံ့ကော်၊ သစ်ပိတောက်၊ ခရေ၊ ပန်းတမာ၊ ရေတမာ၊ မဟော်ဂနီ၊ ဆီသပြေ၊ ယင်းမာနှင့် ကုက္ကိုပင် စုစုပေါင်း အပင် (၆၀၀)ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)