ပန်းတနော်မြို့နယ် အ.ထ.က(ရွှေလှေ)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပန်းတနော် ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီက  အ.ထ.က (ရွှေလှေ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးကိုကိုမောင်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် လူငယ်စကားဝိုင်းမှ အသိဉာဏ်ပညာဗဟုသုတများ ပိုမိုရရှိစေရေး၊ စကားပြောအတတ်ပညာကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့၌ ရဲဝံ့စွာ စကားပြောဆိုတတ်စေရေး၊ လူ့အဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်တက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အ.ထ.က(ရွှေလှေ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက စာပေဖတ်ရှုလေ့လာလိုက်စားခြင်း၏ အကျိုးကျေးဇူးများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ  တက်ရောက်လာကြသည့်တာဝန်ရှိသူများနှင့် အ.ထ.က(ရွှေလှေ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “လူငယ်နှင့်စာပေ၊ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပြည်သူ့နီတိ၊ လူငယ်နှင့်မူးယစ်ဆေး” စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးပြောကြားခဲ့ပြီး သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။            

ယင်းနောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများမှ လူကုန်ကူးမှုအန္တရာယ်တိုက်ဖျက်ရေး အသိပညာပေးနှင့် မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာ အသိပညာပေးနံရံကပ် ဗီနိုင်းပိုစတာများနှင့် စာအုပ်စာစောင်များကို ပြသထားရှိရာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)