သရက်ချောင်း ဇွန် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်၏ တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့မရပ်ကွက်ရှိ နယ်မြေခံတပ်နယ်ဝင်းအတွင်း၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးဦးတို့က ပျိုးပင်များအား ပေးအပ်ရာ သရက်ချောင်းမြို့နယ်၊ တပ်နယ်မှူး ဗိုလ်မှူး အာကာဝေမြင့်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ ပညာရေးဌာနနှင့် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ပြီး တက်ရောက်လာသူများမှ သတ်မှတ်နေရာအသီးသီးတို့၌ ကံ့ကော်၊ စိန်ပန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ပျဉ်းမ၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ မယ်ဇလီ ပျိုးပင်ပေါင်း ၅၀၀ ပင်အား စနစ်တကျ စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။
သရက်ချောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီကာလ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအသီးသီးတို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်/ပျိုးပင်များစိုက်ပျိုးနိုင်ရန် မြို့နယ်သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ကံ့ကော်၊ စိန်ပန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ပျဉ်းမ၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ မယ်ဇလီ ပျိုးပင်ပေါင်း ၂၂၀၀၀ ပင်အား ပျိုးထောင်ထားရှိပြီး မိုးရာသီကာလအတွင်း ဒေသခံပြည်သူများအနေဖြင့် သစ်ပင်စိုက်ပျိုးလိုပါက ဆက်သွယ်မှာယူနိုင်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးဦးထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)