ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၄ ခုနှစ်အတွက် အိမ်ထောင်စုလူဦးရေသန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးပိုစတာစိုက်ထူ

ကန်ကြီးထောင့် ဇွန် ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏လမ်းညွှန်မှုဖြင့် အိမ်ထောင်စုလူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးအသိပညာပေး ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က ကန်ကြီးထောင့်မြို့နယ် ထွေ/အုပ်ရုံးနှင့် အားကစားကွင်းလမ်းထောင့်ရှိ လမ်းဆုံနေရာတွင်ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်၊ အဖွဲ့ဝင်(၂) ဦးလှမြင့်၊ အတွင်းရေးမှူး ရဲမှူး စိုးကြည်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဆွေနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေသန်းခေါင်စာရင်းကောက်ယူရေးအသိပညာပေး ပိုစတာစိုက်ထူရာတွင် တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စိုက်ထူပြီးသော ပိုစတာအား အမွှေးနံ့သာရည်များပက်ဖျန်းခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း နံနက် (၇)နာရီမှ ညနေ(၆)နာရီအထိ (၁၅)ရက်ကြာ သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ကြောင်း၊ နေအိမ်သို့ သန်းခေါင်စာရင်းကောက်ယူရန် ကြိုတင်အသိပေးအကြောင်းကြားသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းသည် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)ရှိခြင်း/မရှိခြင်း နိုင်ငံသားစိစစ်ရေးကက်ပြား ရှိခြင်း/မရှိခြင်း၊ တိုင်းရင်းသား ဖြစ်ခြင်းမဖြစ်ခြင်းနှင့်မသက်ဆိုင်ကြောင်း၊ သန်းခေါင်စာရင်းရည်ညွှန်းချိန် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းတွင် နေသူအားလုံးကို စာရင်းကောက်ယူမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းတွင် အိမ်အကြောင်းအရာအချက်အလက်များ ကောက်ယူခြင်းသည် ပိုင်ဆိုင်မှုနှင့်မသက်ဆိုင်ကြောင်း၊ နိုင်ငံခြားသို့ရောက်ရှိနေသော အိမ်ထောင်စုဝင်များအတွက်လည်း စိုးရိမ်စရာမလိုကြောင်း၊ မည်သို့မျှ အရေးယူမည်မဟုတ်ကြောင်း၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)