လွိုင်ကော် နိုဝင်ဘာ ၁၃
ကယားပြည်နယ်အတွင်း အသွားအလာ ကန့်သတ်ခြင်းခံထားရသူများ၏ ဓာတ်ခွဲနမူနာများကို (၈.၁၁.၂၀၂၀) ရက်နေ့တွင် တောင်ကြီးမြို့ ၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (PHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ ယမန်နေ့က တောင်ကြီးမြို့၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (PHL)၏ ဆေးစစ်ဆေးချက်အဖြေ ထုတ်ပြန်ချက်အရ (၁) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ (ပိုးတွေ့ရှိ) ရကြောင်း သိရှိရသည်။
အဆိုပါ ရောဂါပိုးတွေ့ရှိသူမှာ လွိုင်ကော်မြို့နယ်၊ ရေနီကန်ကျေးရွာတွင်နေထိုင်သူ အသက်(၁၇)နှစ်အရွယ် အမျိုးသမီး တစ်ဦး ဖြစ်ပြီး မိခင်၊ အမြွှာညီမဖြစ်သူတို့နှင့်အတူ ရန်ကုန်မြို့မှပြန်လာရာ (၅-၁၁-၂၀၂၀)ရက်နေ့တွင် လွိုင်ကော်မြို့သို့ ရောက်ရှိခဲ့ကာ လွိုင်ကော်ပညာရေးကောလိပ် Facility Quarantine Centre တွင် Quarantine ဝင်ရောက်နေသူဖြစ်သည်။
ပိုးတွေ့ရှိသူ နှင့်ခရီးသွားခဲ့သည့် မိခင်ဖြစ်သူနှင့် အမြွှာညီမဖြစ်သူတို့မှာ (၁၂.၁၁.၂၀၂၀) ရက်နေ့ တောင်ကြီးမြို့ ၊ (PHL) ၏ ဆေးစစ်ဆေးချက်အဖြေထုတ်ပြန်ချက်အရ ရောဂါပိုးမတွေ့ရှိ (ပိုးမတွေ့)ရကြောင်း သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အမျိုးသမီး၏ လက်ရှိကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး လွိုင်ကော် ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်သို့ ပြောင်းရွှေ့၍ စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိသည်။
လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ရောဂါပို့တွေ့လူနာ စုစုပေါင်း (၉)ဦးရှိပြီး ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့် ရရှိသူ (၈) ဦးရှိပြီဖြစ်ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)