ငွေဆောင်မြို့၌ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

ငွေဆောင် ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူခြင်း အခမ်းအနားအား ယနေ့နံနက် ၈ နာရီက လူစည်ကားရာ အမှတ်(၃) ရပ်ကွက်၊ ဟိုတယ်ဇုန်လမ်းမကြီးဘေး၊ မဟာပုညာရာမဘုန်းတော်ကြီးကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ မြို့လူဝင်မှုကြီးကြပ်ရေးမှူး ဦးသက်ခိုင်နှင့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမျိုးသမီးရေးရာ အသင်းနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး မင်္ဂလာအချိန် ကျရောက်သည့်အခါ၌ တက်ရောက်လာကြသူများက မြေစိုက်ပိုစတာအား သပြေခက်ဖြင့် အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဒေသတွင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရေးအတွက် အမှတ်(၃) ရပ်ကွက်၊ ဟိုတယ်ဇုန်လမ်းမကြီး၌ အများပြည်သူတို့အား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိသည်။

R – 014(ငွေဆောင်)