မော်လမြိုင်ကျွန်းမြို့၌ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ

မော်လမြိုင်ကျွန်း ဇွန် ၁၅

မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့ လူစည်ကားရာ မြို့မဈေးရှေ့(၁၁) လမ်းထိပ် လမ်းဆုံ၌ ကျင်းပသည်။

မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူမည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရေးအတွက် အကြိုလှုပ်ရှားမှု တစ်ရပ်အနေဖြင့် ပိုစတာစိုက်ထူခြင်း၊ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကိုရရှိရန် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစောဝဏ္ဏနှင့် ဝန်ထမ်းများက မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်မာမူနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများအား ပြည်လုံးကျွတ်သန်းခေါင်စာရင်း လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)