ဟင်္သာတမြို့နယ်တွင်၂၀၂၄ ခု လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေးလှုံ့ဆော်ရေး ဆိုင်းဘုတ်စိုက်ထူဖွင့်လှစ်

ဟင်္သာတ ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ လူထုအသိပညာပေး လှုံ့ဆော်ရေးဆိုင်းဘုတ် စိုက်ထူဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဟင်္သာတမြို့ ဥယျာဉ်မြောက်ရပ်ကွက်၊ ဟင်္သာရုပ်အဝိုင်းအနီး အာဇာနည်ပန်းခြံထောင့်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ အဖွဲ့ဝင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မြသန်း၊ ခရိုင်လဝကဦးစီးမှူး ဒေါ်သီတာအောင်တို့က ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့  လူထုအသိပညာပေးလှုံ့ဆော်ရေး ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများက ဆိုင်းဘုတ်အား အမွေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက မြေစိုက်ဘုတ်ရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ အခမ်းအနားအပြီးတွင် ဟင်္သာတခရိုင်နှင့်မြို့နယ် လဝကရုံးဝန်ထမ်းများက ခရီးသွားလာကြသော ပြည်သူများ၊ ဒေသခံပြည်သူများအား လူစည်ကားရာနေရာတို့၌ အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူမည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို  ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရေးအတွက် အသိပညာပေးလက်ကမ်း စာစောင်(၄၀၀)အား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်၊ ပြန်/ဆက်(ဟင်္သာတ)