နတ်မောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနားကျင်းပ

နတ်မောက် ဇွန် ၁၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီက တြိဂံလမ်းဆုံ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် နတ်မောက်မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲနိုင်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသန်းဝင်းတို့က ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” အသိပညာပေး ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်း ကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးတို့က အဆိုပါဆိုင်းဘုတ်ကို အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးကြသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် နိုင်ငံတော်၏စီမံကိန်းများ အောင်မြင်စေမည့် အခြေခံကျသောလုပ်ငန်းစဉ်တစ်ခုဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒများ ချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲအကောင် အထည်ဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကိုရရှိရန် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်း ကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ ရပ်မိရပ်ဖများ စုစုပေါင်းအင်အား(၂၀၀)ဦးခန့် တက်ရောက်ခဲ့သည်။

လှဝင်း