ဘားအံ ဇွန် ၁၅
ကော်ဖီသီးနှံမှာ တန်ဖိုးမြှင့်သီးနှံတစ်မျိုးဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်မှုပမာဏအရ ရောင်းဝယ်မှုအများဆုံးကုန်စည် စာရင်းတွင်ပါဝင်သည့်အတွက် ဈေးကွက်ဝယ်လိုအားကောင်းသော ကော်ဖီသီးနှံကို ကရင်ပြည်နယ်တွင် ဧက ၁၀၀၀ တိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ဇွန်လ ၁၅ ရက်နေ့နံနက် ၈ နာရီက ဘားအံမြို့နယ် အုန်းတပင် ကျေးရွာအုပ်စု၊ ဗျိုင်းတောင်ကျေးရွာ၌ကျင်းပသည့် ကော်ဖီပျိုးပင်ထောက်ပံ့ပေးအပ်ခြင်းနှင့် ကော်ဖီပင်စုပေါင်းစိုက်ပျိုးပွဲအခမ်းအနားမှ သိရသည်။
ကရင်ပြည်နယ်တွင် ကော်ဖီစိုက်ဧက ၁၀၀၂၉ ဧကမှ အစေ့အဆံတန်ချိန် ၂၁၂၂၉ ဒဿမ ၆ တန် ထွက်ရှိ လျက်ရှိပြီး သံတောင်ကြီးဒေသတွင် မြေနိမ့်ကော်ဖီ(ရိုဘတ်စတာ)ကို အများအပြားစိုက်ပျိုးထားကြောင်း သိရှိရကာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်သည့် ကော်ဖီသီးနှံကို ကျယ်ကျယ်ပြန့်ပြန့်နေရာအနှံ့တိုးချဲ့စိုက် ပျိုးလာနိုင်မှသာ ထုတ်ကုန်အများအပြားထုတ်လုပ်လာနိုင်မည်ဖြစ်ပြီး ဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည့်အတွက် ပြည်နယ်၏အနာဂတ်ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် အဆိုပါအခမ်းအနားတွင် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဗျိုင်းတောင်၊ လှာကဒေါင်၊ အုန်းတပင်၊ အိန္ဒဲ၊ အိန္ဒု၊ ကော့သင်းရှူး၊ လက္ခဏ၊ ခလောက်ထောင်၊ သစ်ချ၊ လွန်းည ကျေးရွာများမှ ကော်ဖီသီးနှံစိုက်ပျိုးမည့်တောင်သူများအား ဧက(၁၀၀)အတွက် ကော်ဖီပျိုးပင် ၄၃၅၀၀ ပင်အားဖြန့်ဝေ ပေးခဲ့ပြီး ဗျိုင်းတောင်ကျေးရွာ တောင်သူဦးအလု၏ စိုက်ဧက ၃ ဒဿမ ၅ ဧကအတွင်း ကော်ဖီပျိုးပင် ၁၅၂၂ ပင်ကို တက်ရောက်လာသူများနှင့်အတူ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော်ဖီပင်စုပေါင်းစိုက်ပျိုးခြင်းအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ သီရိလမ်းရှိ ဒေသန္တရကျန်း မာရေးဌာနရုံး (၅၀ x ၅၀)ပေ RC နှစ်ထပ် တည်ဆောက်မည့်မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသန္တရကျန်းမာရေးရုံးဟောင်းအား ကြည့်ရှုစစ်ဆေးပြီး တာဝန် ရှိသူများအား လိုအပ်သည်များမှာကြား၍ ဒေသန္တရရုံးသစ်တည်ဆောက်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးရာ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်စွာမြင့်၊ တာဝန်ယူတည်ဆောက်မည့် အဆောက်အဦဦးစီးဌာန၊ အထူးအဖွဲ့(၁၃) ဒုတိယညွှန်ကြားရေးမှူးဦးမြင့်သူတို့က တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်ဘောလုံးအသင်းအား ဇွန်လ ၁၄ ရက် နေ့မွန်းလွဲ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအတေးခန်းမ(၂)၌ လက်ခံတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။
ဦးစွာ ကရင်ပြည်နယ်အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးအသင်းမှ နည်းပြ/အုပ်ချုပ်သူ၊ အားကစား သမားများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ် ဘောလုံးအသင်းအနေဖြင့် သက်တမ်းအလိုက်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှု အစဉ်အလာကောင်းများလည်း ရရှိခဲ့ကြောင်း၊ ယခုပြိုင်ပွဲတွင်လည်း အောင်မြင်မှုအဆင့်အလိုက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထိုက်တန်သော အားပေးချီးမြှင့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဘောလုံးအားကစားနည်းဖြင့် ပြည်နယ်၏ဂုဏ်ကိုမြှင့်တင်ပေးနိုင် သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးအသင်းထံ အောင်နိုင်ရေးအလံနှင့် ငွေကျပ် သိန်း(၃၀)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်ဘောလုံးဆပ်ကော်မတီနှင့် အားကစားဝါသနာရှင်များက အောင်နိုင်ရေးထောက်ပံ့ငွေများပေးအပ်ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားသမား၊ နည်းပြ/အုပ်ချုပ်သူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)