ပုသိမ် ဇွန် ၁၅
၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအား ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ပြည်သူများစိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်နိုင်ရေးအတွက် လူထုအသိပညာပေး Bill board စိုက်ထူခြင်း အခမ်းအနားများကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့များ၌ ဇွန်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် တပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့ရာ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသိန်းနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး ။ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းရဲ့ ရည်ရွယ်ချက်ကို သိပါရစေ။
ဖြေ။ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအားဖြင့် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒများ ချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင် အထည်ဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို ရရှိရန် ဖြစ်ပါတယ်။
မေး။ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့်ကာလနဲ့ ရည်ညွှန်းချိန်ကိုလည်း သိပါရစေ။
ဖြေ။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူမှာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်း ရည်ညွှန်းချိန်က ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ညဥ့် သန်းခေါင်ယံအချိန်ဖြစ်ပါတယ်။
မေး။ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာမှာ ထည့်သွင်းစာရင်း ကောက်ယူမယ့်သူတွေနဲ့ စာရင်းထည့်သွင်းမကောက်ရမယ့်သူတွေကိုလည်း သိချင်ပါတယ်။
ဖြေ။ မြန်မာနိုင်ငံနယ်နိမိတ် အတွင်းရှိ/နေထိုင်သူများအား စာရင်းကောက်ယူမှာဖြစ်ပါတယ်။ သန်းခေါင်စာရင်းရည်ညွှန်းချိန် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ ညဥ့်သန်းခေါင်ယံကျော်လွန်ပြီးမှ သေဆုံးသူများ၊ နိုင်ငံခြားသို့ရောက်ရှိနေသော မြန်မာသံရုံးဝန်ထမ်းများအား စာရင်းကောက်ယူမှာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်း ထည့်မကောက်ရမယ့်သူတွေကတော့ မြန်မာနိုင်ငံအခြေစိုက် သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံခြားသား သံတမန်များနှင့် မိသားစုဝင်များ၊ သန်းခေါင်စာရင်း ရည်ညွှန်းချိန် ၂၀၂၄ ခုနှစ်၊ စက်တာဘာလ (၃၀)ရက်နေ့ ညဉ့်သန်းခေါင်ယံ ကျော်လွန်ပြီးမှ မွေးဖွားသူတွေဖြစ်ပါတယ်။
မေး။ ပြည်သူတွေအနေနဲ့ စာရင်းကောက်များက မေးမြန်းတဲ့မေးခွန်းတွေကို မှန်ကန်စွာ ဖြေကြားပေးခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ။
ဖြေ။ ပြည်သူတွေအနေနဲ့ မေးခွန်းတွေကို မှန်ကန်စွာဖြေကြားပေးခြင်းအားဖြင့် ပညာရေးအတွက် လိုအပ်သည့် စာသင်ကျောင်းအရေအတွက်၊ ကျန်းမာရေးအတွက် လိုအပ်သည့်ဆေးရုံ၊ ဆေးခန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရမည့်အခြေအနေ၊ ရေပေးဝေမှုစနစ်၊ လျှပ်စစ်ဓါတ်အား ဖြန့်ဝေရမည့်ပမာဏတွေကိုတွက်ချက်နိုင်မှာ ဖြစ်ပါတယ်။ လူမှုစောင့်ရှောက်ရေးလုပ်ငန်းတွေဖြစ်တဲ့ မသန်စွမ်းမှု၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေး သူငယ်စောင့်ရှောက်ရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ လူမှုအခြေခံအဆောက်အအုံတွေဖြစ်တဲ့ လမ်း၊ တံတား၊ အိမ်ရာများကိုလည်း တွက်ချက်နိုင်မှာ ဖြစ်ပါတယ်။ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။
မေး။ ဆရာ့အနေနဲ့ပြည်သူတွေကို အသိပေးလိုတဲ့ အချက်တွေရှိရင်လည်း ပြောကြားပေးစေလိုပါတယ်။
ဖြေ။ ပြည်သူတွေကို အသိပေးလိုတာကတော့ သန်းခေါင်စာရင်းကောက်ယူခြင်းဟာ အိမ်ထောင်စုစာရင်း ရှိခြင်း မရှိခြင်း၊ နိုင်ငံသားဖြစ်ခြင်း/မဖြစ်ခြင်း၊ တိုင်းရင်းသားဖြစ်ခြင်း/မဖြစ်ခြင်းနှင့် မသက်ဆိုင်ပါ။ ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ အခွန်ကောက်ခြင်း၊ အရေးယူခြင်း လုံးဝ(လုံးဝ) ပြုလုပ်မည် မဟုတ်ပါ။
နိုင်ငံခြားသို့ရောက်ရှိနေကြသော အိမ်ထောင်စုဝင်များအတွက်လည်း စိုးရိမ်ရန်မလိုပါ။ မည်သို့မျှ အရေးယူမည် မဟုတ်ပါကြောင်းပြောလိုပါတယ်။ ပြည်သူများအနေနဲ့ စာရင်းကောက်များမှ မေးမြန်း သည့် မေးခွန်းများကို မှန်ကန်ပြည့်စုံစွာဖြေဆိုခြင်းဖြင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါလို့ တိုက်တွန်းအပ်ပါတယ်။
သတင်းပေးပို့သူ - ဦးအောင်သူမော် (ဓာတ်ပုံ) ပုသိမ်ခရိုင်ပြန်/ဆက်
တွေ့ဆုံမေးမြန်းသူ - ဒေါ်ချိုမာထွန်း (ဦးစီးအရာရှိ) ပုသိမ်ခရိုင်ပြန်/ဆက်