ပွင့်ဖြူ ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့၊ အရှေ့ပိုင်း ရပ်ကွက် မြို့ပတ်လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံအနီးတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေး ဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းပိုင်စိုး၊ အတွင်းရေးမှူး ယာယီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ စီမံအဖွဲ့ဝင် ဦးသိန်းစိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အသိပညာပေးဆိုင်းဘုတ်ကို အမွှေးနံ့သာများ ပက်ဖျန်းခဲ့ကြသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးနှင့် ဝန်ထမ်းများက တက်ရောက်လာကြသူများနှင့် လမ်းသွားလမ်းလာပြည်သူများကို ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေး လက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်း၏ ရည်ရွယ်ချက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ပွင့်ဖြူမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူမည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်နိုင်ရေးအတွက် အကြိုလှုပ်ရှားမှုတစ်ရပ်အနေဖြင့် ယခုကဲ့သို့ ပိုစတာစိုက်ထူခြင်းဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဦးစီးမှူး ဦးညွန့်ဝင်းထူးက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )