ကော့သောင်း ဇွန် ၁၅
ကျန်းမာရေးဝန်ကြီးဌာန၏ စီစဉ်လမ်းညွှန်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် ရန်ကုန်မျက်စိအထူးကုသဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် မျက်စိအထူးကုဆေးကုရေးအဖွဲ့တို့သည် ဇွန်လ(၁၀)ရက်နေ့မှ (၁၉)ရက် နေ့ထိ မျက်စိ ရောဂါဝေဒနာခံစားနေရသော ဒေသခံပြည်သူများအား လိုအပ်သောစမ်းသပ်စစ်ဆေးမှု၊ ဆေးကုသပေးမှုများနှင့် ခွဲစိပ်ကုသမှုများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီးဦးသက်နိုင်သည် အဆိုပါ မျက်စိအထူးကု ဆေးကုသနေသည့်နေရာသို့လာရောက်ကြည့်ရှု၍ ပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရန်အတွက် တိုင်းကျန်းမာရေးကောင်းမွန်စေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အထူးကုဘာသာရပ်ဆိုင်ရာကုသမှုများကို ပြည်သူများလက်လှမ်းမီရရှိနိုင်ရန်အတွက် မျက်စိရောဂါဝေဒနာခံစားနေရသော ဒေသခံပြည်သူများအား လိုအပ်သောစမ်းသပ်စစ်ဆေးမှု၊ ဆေးကုသပေးမှုများနှင့်ခွဲစိပ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ကော့သောင်းမြို့တွင် မျက်စိဝေဒနာရှင်များအား အခမဲ့ကွင်းဆင်း ဆေးကုသမှု ဆောင်ရွက်နေစဉ် ပထမ(၅)ရက်အတွင်း မျက်စိဝေဒနာရှင် ဒေသခံပြည်သူ အမျိုးသား(၃၂၇)ဦး၊ အမျိုးသမီး(၅၅၉)ဦး စုစုပေါင်း (၈၈၆)ဦးအားစမ်းသပ်စစ်ဆေးပေးခဲ့ရာ ယင်းတို့အနက်မှ မျက်စိအတွင်း တိမ်လူနာ (၁၀၈)ဦးနှင့်အခြားသောမျက်စိဝေဒနာရှင် (၁၄)ဦး စုစုပေါင်း(၁၂၂)ဦးတို့အား ခွဲစိတ်ကုသမှုများဆောင်ရွက်ပေးခဲ့ပြီးဇွန်လ(၁၉)ရက်နေ့ထိ မျက်စိဝေဒနာရှင်များအား စမ်းသပ်စစ်ဆေး၊ ခွဲစိပ်ကုသမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)