မင်းဘူး ဇွန် ၁၅
မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းပြီး မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ အမှိုက်များအား စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းနှင့် စနစ်တကျ သိမ်းဆည်းခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဇွန်လ ၁၄ ရက် နေ့လည် ၁ နာရီခွဲအချိန်က မင်းဘူးမြို့ရှိ မင်းမင်းဟိုတယ်၌ ကျင်းပပြုခဲ့ကြောင်း သိရသည်။
ဦးစွာ အသိပညာပေးဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းဦးက ဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားရာ တိုင်းဒေသကြီးအတွင်း ခရီးသွားကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသအလိုက် ခရီးစဉ်ဒေသများ ရေးဆွဲဖော်ဆောင်လျက်ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့နေထိုင်ရာ လူမှုပတ်ဝန်းကျင် နယ်ပယ်အသီးသီးတွင် အေးချမ်းသာယာလှပပြီး သန့်ရှင်းသပ်ရပ်မှုရှိစွာဖြင့် လာရောက်လည်ပတ်ချင်စဖွယ်ကောင်းအောင် ဖန်တီးနိုင်မှသာ နည်လှည့်ခရီးသွားများက ပိုမိုစိတ်ဝင် စားပြီး လာရောက်လည်ပတ်မှာဖြစ်ကြောင်း၊ ခရီးသွားများ ဝင်ရောက်မှသာ ဒေသခံများက ကောင်းမွန်သော ခရီးသွားဝန်ဆောင်မှုဖြင့် ခရီးသွာကဏ္ဍမှ မိသားစု ဝင်ငွေများရရှိကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ ခရီးသွားများ အပန်းဖြေ လာရောက်လည်ပတ်ချိန် စိတ်အနှောက်အယှက် မဖြစ်စေရေးနှင့် သဘာဝပတ်ဝန်းကျင်းကို ညစ်ညမ်းမှုဖြစ်စေသော စွန့်ပစ်အမှိုက်များကို လာရောက်လည်ပတ်သူများနှင့်အတူ ဒေသခံများကလည်း စနစ်တကျ ခွဲခြားစွန့်ပစ်ပြီး သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပအောင် ဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ခရီးသွားများတွက် မြို့ရွာအေးချမ်းပြီး သန့်ရှင်းသာယာလှပရေးသည် အဓိက အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မင်းဘူးခရိုင်တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ကမ္ဘာတစ်ဝှမ်းလုံး၌ တစ်စက္ကန့်လျှင် ပလတ်စတစ်အိတ်ပေါင်း ၁၆၀၀၀၀ သုံးစွဲလျက်ရှိပြီး တစ်နှစ်လျှင် ၅ ထွီလီယံခန့် ရှိနေကြောင်း၊ ပလတ်စတစ် ဆွေးမြေ့ကြေပျက်ရန် နှစ်ပေါင်း ၅၀၀ မှ ၁၀၀၀ ခန့် ကြာမြင့်ပါကြောင်း ဦးစွာပြောကြားပြီး အမှိုက်များအား စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းနှင့် စနစ်တကျ သိမ်းဆည်းခြင်းဆိုင်ရာ အသိပညာခေါင်းစဉ်ဖြင့် ပလတ်စတစ်၏ အခြေခံသဘာဝနှင့် အမျိုးအစားများ၊ ပလတ်စတစ် ဂုဏ်သတ္တိ၊ ပလတ်စတစ်သုံးစွဲမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ စွန့်ပစ်ပစ္စည်းများ၏ ဆွေးမြေ့ရန်ကြာမြင့်ချိန်၊ တစ်ခါသုံး ကြွပ်ကြွပ်အိတ်နှင့် ပလတ်စတစ် သုံးစွဲမှုမှ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ပျက်စီးယိုယွင်း ထိခိုက်စေမှုများ၊ ပလတ်စတစ် ညစ်ညမ်းမှုအား ဖြေရှင်းရန်နည်းလမ်းများ၊ ထိန်းချုပ်ခြင်းနည်းလမ်း သဘောတရာများ၊ သုံးစွဲမှုလျော့ချရန် နည်းလမ်းနှင့် စည်းမျဉ်းများ စသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသူများ၏ သိရှိလိုသော မေးမြန်ချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်း ရှင်များ၊ ဒေသခံများနှင့် ပရဟိတလူမှုကူညီရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)