ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် အမှတ်(၁) အထည်စက်ရုံ(ရွှေတောင်)စက်ရုံ ဧည့်ရိပ်သာတွင် စက်မှုဝန်ကြီးဌာနမှ MOGEဌာနသို့ Gas ပိုက်လိုင်းသွယ်တန်း၍ စာချုပ်ချုပ်ဆို ဝယ်ယူသုံးစွဲနေမှုနှင့် စက်တပ်ဆင်လည်ပတ်နေမှုအခြေအနေများအား စက်ရုံမှူးမှ ရှင်းလင်း တင်ပြခဲ့ရာဝန်ကြီးချုပ်မှ လုပ်ငန်းလိုအပ်ချက်များအပေါ် လမ်းညွှန်မှာကြားပြီး စက်ရုံအတွင်း စက်များလည်ပတ်ထုတ်လုပ်နေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု၊ ပုရပိုက်တန်း ရွာဟောင်းကျေးရွာတွင် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရွှေတောင်မြို့နယ်၊ ဧရာဝတီမြစ်ရွှေတောင်ရေလမ်းကောင်းမွန်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လုပ်ငန်း လိုအပ်ချက်များအား လမ်းညွှန်မှာကြားပေးခဲ့ကြောင်းသိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)