မြန်အောင်ခရိုင်၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေး Bill Board စိုက်ထူခြင်း အခမ်းအနားကျင်းပ

မြန်အောင် ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ၂၀၂၄ ခုနှစ်၊  လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေး Bill Board စိုက်ထူခြင်း အခမ်းအနားကို ယနေ့ နံနက်က မြန်အောင်မြို့ ပြည်သူ့ရင်ပြင်ရှေ့တွင် ကျင်းပပြုလုပ်သည်။

ဦးစွာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေး Bill Board အား  မြန်အောင်ခရိုင်၊ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်၊ မြန်အောင်ခရိုင် သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ကျော်နှင့်မြန်အောင်ခရိုင် သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ခရိုင်လဝကဦးစီးမှူး ဦးတင်မြိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေး Bill Board အား မြန်အောင်ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းနှင့်အဖွဲ့များ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များတက်ရောက် အမွေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြပြီး သန်းခေါင်စာရင်း အထိမ်းအမှတ်လက်ဆောင် များပေးအပ်၍ မှတ်တမ်းဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာ (၁) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း (၁၅) ရက်ကြာတစ်နိုင်ငံလုံးတွင် သန်းခေါင်စာရင်းကောက်ယူမည်။ စာရင်းကောက်ယူသူများက နံနက် (၇) နာရီမှ ညနေ (၆) နာရီအတွင်း နေအိမ်သို့လာရောက် စာရင်းကောက်ယူပါမည်။ နေအိမ်သို့စာရင်းလာကောက်မည့် နေ့ကို ကြိုတင်အကြောင်းကြားပါမည်။ သန်းခေါင်စာရင်းကောက်ယူခြင်းသည် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆) ရှိခြင်း/မရှိခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရှိခြင်း/မရှိခြင်းနှင့် မသက်ဆိုင်ပါ။ သန်းခေါင်စာရင်းရည်ညွှန်းချိန်တွင် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရှိနေသူ အားလုံးကိုစာရင်း ကောက်ယူပါမည်။ တိုင်းရင်းသားဖြစ်ခြင်း/ မဖြစ်ခြင်း၊ နိုင်ငံသားဖြစ်ခြင်း/မဖြစ်ခြင်းနှင့် မသက်ဆိုင်ပါ။ သန်းခေါင်စာရင်းတွင် အိမ်အကြောင်းအရာ အချက်အလက်များ ကောက်ယူခြင်းသည် ပိုင်ဆိုင်မှုနှင့်မသက်ဆိုင်ပါ။ သန်းခေါင်စာရင်း မေးခွန်းတွင်ပါရှိသည့် နိုင်ငံခြားသို့ရောက်ရှိနေကြသော အိမ်ထောင်စုဝင်များအတွက်လည်း စိုးရိမ်ရန်မလိုပါ။ မည်သို့မျှ အရေးယူမည်မဟုတ်ပါကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)