ပုသိမ် ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး ကလပ်ပေါင်းစုံ သက်တမ်းအလိုက် အမျိုးသား၊ အမျိုးသမီးဖိတ်ခေါ် ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ကိုးသိန်း အားကစားခန်းမတွင် ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ကြက်တောင်အားကစားသမားများ အချင်းချင်းချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်လာနိုင်စေရေး၊ ဧရာဝတီတိုင်းဒေသကြီး ကြက်တောင် အားကစား အဆင့်အတန်းမြင့်မားလာစေရေးတို့အတွက် သက်တမ်းအလိုက် ဖိတ်ခေါ်ကျင်းပပေးသည့်ပွဲဖြစ်ပါကြောင်း၊ ယခုကျင်းပပြုလုပ်သည့် ကြက်တောင်အားကစားနည်းသည်ကမ္ဘာ့အဆင့်အထိ ကျင်းပပေးသည့် အားကစားနည်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တိုင်းဒေသ ကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ Pathein Smart Goal Badminton Club နှင့် VS Myanmar Co.,Ltd တို့ ပူးပေါင်းပြီး တိုင်းဒေသကြီး၏ ကြက်တောင်အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် ကျင်းပပေးသည့်အဖွဲ့အားလုံးကိုလည်း ကျေးဇူးတင်ရှိပါ ကြောင်း၊ ယခုပြိုင်ပွဲတွင်ဧရာဝတီတိုင်း တစ်တိုင်းလုံးတွင်ရှိသည့် သက်တမ်းအလိုက် ကြက်တောင်အားကစားသမားအားလုံးလာရောက်ယှဉ်ပြိုင်သည်ကို သိရှိရသည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး လာမည့် အမျိုးသားအားကစား ပွဲတော်ကြီးတွင် ကြက်တောင်အားကစား အောင်မြင်မှုများရရှိနိုင်ပါစေကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ကလပ်ပေါင်းစုံ သက်တမ်းအလိုက် အမျိုးသား/အမျိုးသမီး ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ သည်။
ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အသင်းများကို လိုက်လံနှုတ်ဆက်ခဲ့ပြီး နောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အရှေ့တောင်အာရှ (၅)နိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဆုရအားကစားများနှင့် တိုင်းဒေသကြီးလက်ရွေးစင် အားကစားသမားများ၏ နှစ်ယောက်တွဲနှင့် တစ်ယောက်ချင်းသရုပ်ပြကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး ကလပ်ပေါင်းစုံ သက်တမ်းအလိုက် အမျိုးသား/အမျိုးသမီး ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၁၂)သင်း၊ ပြိုင်ပွဲဝင်ကစားသမား စုစုပေါင်း(၁၂၄)ယောက်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်စက်မှုဇုန်တွင် လက်ဆွဲကောက်စိုက်စက်များနှင့်မျိုးစေ့ကိရိယာ(Drum Seeder) များ တပ်ဆပ်ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးစပါးကြဲခင်းစနစ် လျော့နည်း ပပျောက်စေရေးအတွက် တိုက်ရိုက်အစေ့ချကိရိယာ Drum seeder များကို စက်မှုဇုန်များနှင့် လယ်ယာသုံးကိရိယာထုတ်လုပ်ရေးအလုပ်ရုံများတွင် ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့ထိ Drum seeder (၁၀၁၇)စီး ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့ပြီး မိုးစပါးရာသီအချိန်မီ ဆက်လက်ဖြန့်ဖြူပေးနိုင်ရေး ထုတ်လုပ်လျက်ရှိသည့်အပြင် စက်မှုလယ်ယာမှနည်းပညာ လွှဲပြောင်းပေးသည့် လက်ဆွဲကောက်စိုက်စက်များကိုလည်း ပုသိမ်သက်မှုဇုန်တွင် စမ်းသပ်ထုတ်လုပ်လျက်ရှိပြီး မြေအမျိုးအစားကိုမူတည်ပြီး လိုအပ်ချက်များကိုလည်း ပြင်ဆင်ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)