မင်းဘူး ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က အဖွင့်အမှားစကား ပြောကြားပြီး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးက ကလေးအလုပ်သမား ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ကလေးအလုပ်သမားများ ဖြစ်ပေါ်လာပုံနှင့် ကုစားရေးနည်းလမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးခိုင်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းကြီး (၈)ရပ်နှင့် ကလေးငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များ၊ ရပိုင်ခွင့် အခွင့်အရေးများ၊ ဆိုင်ရှင်၊ စက်ရုံ၊ အလုပ်ရုံပိုင်ရှင်များ၊ ဆက်စပ်ဌာနများနှင့် လူမှုရေးအဖွဲ့ အစည်းများက ပူးပေါင်း၍ ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက မရှင်းလင်းသည့်အချက်များကို မေးမြန်းကြရာ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆိုင်ရာများ၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ၊ Museum ခန်းရှိ မင်းဘူး (စကု)မြို့နယ်အတွင်းမှ ထွက်ရှိသော ဒေသထွက်ပစ္စည်းများကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)