ငါးသိုင်းချောင်းမြို့၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ပြုလုပ်

ငါးသိုင်းချောင်း ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ်၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ( ၁၀ ) နာရီက ငါးသိုင်းချောင်းမြို့  အလက (ခွဲ) မြို့သစ်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် အလက(ခွဲ)မြို့သစ်ကျောင်းအုပ် ဆရာကြီး ဦးခင်ကြိုင်က အဖွင့်အမှာစကားပြောကြားပြီး ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်မာလာအောင်က လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များတိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးမှူး ဒေါ်ခင်မာလာအောင်နှင့် ရေကြည်မြို့နယ်လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဒေါ်နှင်းနှင်းအေးတို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်ဆောင်ရွက်ပြီး  အလက(ခွဲ)မြို့သစ်ကျောင်း မှ  Grade  9 ကျောင်းသူ မဆုရတီထက်က လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 9 ကျောင်းသူ မဝင်းဝင်းထွေးက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 8 ကျောင်းသူ မယုမြတ်ရွှေစင်က လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -7 ကျောင်းသူ မဇင်မာထွေးကက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 6 ကျောင်းသား မောင်ဝေဖြိုးအောင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကိုပြန်လည် ဆွေးနွေးမေးမြန်းခဲ့ကြသည်။

ယနေ့ကျင်းပသော လူငယ်စကားဝိုင်းသို့ အလက(ခွဲ) မြို့သစ်ကျောင်းမှ ဆရာ/ဆရာမများအပါအဝင် ကျောင်းသား၊ ကျောင်းသူ ( ၂၃၅ ) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း( ပြန်/ဆက်)