ပွင့်ဖြူ ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ကျစ်ကိုင်းကျေးရွာ၌ အဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးကျော်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးရွာစီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ အသင်းသား၊အသင်းသူများနှင့်တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းအကျိုးကျေးဇူးများနှင့် လိုက်နာရမည့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းစက်ဝန်းကာလ သတ်မှတ်ချက်များ၊ အတိုးနှုန်း သတ်မှတ်ချက်များ၊ ငွေစာရင်းဇယား ပြုစုထိန်းသိမ်းရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၅၁ ဒသမ ၂၅ သန်းကို လွှဲပြောင်းပေးသည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျစ်ကိုင်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၁ ဦးကို ငွေကျပ် ၂၀ ဒသမ ၆၇ သန်း ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၂၉ ဦး ကို ငွေကျပ် ၂၉ ဒသမ ၇၉ သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၂ ဦးကို ငွေကျပ် သုည ဒသမ ၇၉ သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၈၂ ဦးကို ငွေကျပ် ၅၁ ဒသမ ၂၅ သန်းအား စနစ်တကျ ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)