သဲကုန်း ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရွာလှ တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကောင်စီကတိသစ္စာခံယူပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား ဦးညွှတ်အလေးပြုကြပြီး ကျောင်းကောင်စီသီချင်းအား သံပြိုင်သီဆိုကာ အခမ်းအနားကိုဖွင့်လှစ်ခဲ့၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာဝင်းက ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍အဖွင့်အမှာစကားများ ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတာဝန်ကျနေ့ရက်တွင် မိမိအတန်း၊ မိမိအသင်းအလိုက် ဆရာ၊ ဆရာမများက တာဝန်ခွဲဝေပေးသည့်အတိုင်း ကဏ္ဍအလိုက် တာဝန်ကျေပွန်အောင် ဆောင်ရွက်သွားစေလိုကြောင်း၊ မိမိကျောင်းအတွက် ကျောင်းသား/ ကျောင်းသူကောင်း၊ မိမိရပ်ရွာအတွက် ရပ်ရွာသူ၊ ရပ်ရွာသားကောင်း၊ နိုင်ငံတော်အတွက် အဖိုးတန်ပြည်သူကောင်းများ ဖြစ်လာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းကောင်စီအမှုဆောင်အဖွဲ့ အမည်စာရင်းများအား ဖတ်ကြားကြေညာခြင်း၊ ကျောင်းကောင်စီအဖွဲ့မှကတိသစ္စာခံယူခြင်းနှင့် တစ်ကျောင်းလုံးရှိ ကျောင်းသား၊ ကျောင်းသူများကကတိသစ္စာခံယူခြင်း၊ တာဝန်အထိမ်းအမှတ်အလံများပေးအပ်ခြင်း၊ လက်ခံရ ယူခြင်းများဆောင်ရွက်ကြပြီး ဆရာ/ ဆရာမ (၂၅) ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၃၀၀) ဦးတို့က နိုင်ငံတော်သီချင်းကို သံပြိုင်သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)