ငပုတော ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက အ.မ.က စဉ့်အိုဖိုကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နုနုရီက ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စာများများဖတ်မှသာ တိုင်းပြည်အတွက် ထူးချွန် ထက်မြက်သော လူတော်လူကောင်းများ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးအကြောင်း ဟောပြောခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်စန်းက စားသုံးသူများ လိုက်နာရန်နှင့် မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို စားသုံးခြင်းမပြုရန် ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)