ထားဝယ် ဇွန် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျား စာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ်စာစောင်များတင်ဆောင်၍ လှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာ ရုံးများသို့ သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပညာဥယျာဉ်ကိုယ်ပိုင်အထက်တန်းကျောင်း၊ ရေအရင်း အမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ မီးသတ်ဦးစီးဌာနရုံးများရှိ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ငှားရမ်းဖတ်ရှု့လိုသည့်သုတ/ရသစာအုပ် စာစောင်များငှားရမ်းပေးခဲ့ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များငှားရမ်း ဖတ်ရှုလိုပါကခရိုင်ပြည်သူ့စာကြည့်တိုက်သို့မည်သူမဆို လာရောက်အခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက် Mobile Library Bus တွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့်အသိပညာဗဟုသုတများစွာရရှိမည့် သုတ/ရသစာအုပ် စာစောင်များ (၃၅၀)အုပ်ပါရှိပြီး ငှားရမ်းပေးခဲ့သောစာအုပ်များကို (၃)ရက်လျှင် တစ်ကြိမ်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)