ဟားခါး ဇွန် ၁၅
ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကွန်ပျူတာအခြေခံ (ရက်တို) သင်တန်း အမှတ်စဉ် ( ၁/၂၀၂၄ ) သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၁၄ ရက် နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်းဆွန်းထန်က ယနေ့ခေတ် ရုံးလုပ်ငန်းတွင် ကွန်ပျူတာအသုံးပြုခြင်းသည် ခေတ်နှင့်အညီ တွင်ကျယ်လာသည့် ရုံးလုပ်ငန်းသုံး စက်ကိရိယာတစ်ခုဖြစ်သည့်အတွက် ရုံးဝန်ထမ်းများအနေဖြင့် ကွန်ပျူတာအသုံးပြုမှု ကျွမ်းကျင်ခြင်းဟာ ရုံးလုပ်ငန်းများအောင်မြင်မှု၊ လျင်မြန်သွက်လက်မှုနှင့် တိကျမှန်ကန်မှု စသည့် နေစဉ်ရုံးလုပ်ငန်းနယ်ပယ်တွင် အရေးပါသည့် အတတ်ပညာတစ်ခုဖြစ်ကြောင်း၊ သင်တန်းတွင် သင်တန်းနည်းပြများက စနစ်တကျ သင်ကြားပေးသကဲ့သို့ သင်တန်းသား၊ သင်တန်းသူများကလည်း စိတ်ပါ ဝင်စားစွာ သင်ယူမှတ်သားကြသည်ကို တွေ့ရှိရပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် Life, Long, Learning စနစ်ဖြင့် ရုံးလုပ်ငန်းပညာရပ်များ၊ ကွန်ပျူတာပညာရပ်များနှင့် မိမိရုံးလုပ်ငန်းနှင့် ဆက်စပ်သည့် အခြားလိုအပ်သော ပညာရပ်များကိုလည်း စဉ်ဆက်မပြတ် လေ့လာသင်ယူကြစေလိုကြောင်း နှင့် သင်တန်း၏ အနှစ်သာရ၊ အကျိုးအမြတ်အဖြစ် ရုံးလုပ်ငန်းများ ယခင်ကထက် ပိုမိုသွက်လက် မြန်ဆန်လာပြီး ထူးချွန်ထက်မြက်သော ဝန်ထမ်းကောင်းများဖြစ်လာအောင် ကြိုးပမ်းအားထုတ်မည်ဟု မျှော်လင့်ပါကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြ လက်ထောက်ညွှန်ကြားမှူး ဦးသိန်းကိုက သင်တန်းတက်ရောက် ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများ၏ အခြေအနေအား ရှင်းလင်းတင်ပြပြီး မွမ်းမံသင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုးနှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းတို့က လည်းကောင်း၊ အခြေခံသင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယရရှိသူများကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးနှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးနေလင်းအောင်တို့က လည်းကောင်း၊ သင်တန်းနည်းပြ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းကို ကို ချင်းပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုကလည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များကို ညွှန်ကြားရေးမှူး ဦးထွန်းသိန်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးသီဟံစိုးတို့ကလည်းကောင်း ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကွန်ပျူတာအခြေခံ (ရက်တို) သင်တန်းကို မေလ ၂၀ ရက်နေ့မှ ဇွန်လ ၁၄ ရက်နေ့အထိ ရက်သတ္တပတ် (၄) ပတ်ကြာ လုပ်ငန်းခွင်မပျက် သင်ကြားပို့ချခြင်းဖြစ်ပြီး သင်တန်းတွင် ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှုထမ်း (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)