ချောင်းသာ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ (၃၇)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အ.မ.က(၈) အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဝင်းကျော်ကျော်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ် ချက်နှင့် အထိမ်းအမှတ်နေ့ဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါးသုံးစွဲရာမှ ရရှိခံစားလာသည့် ဆိုးကျိုးများကိုလည်းကောင်း၊ ချောင်းသာနယ်မြေရဲစခန်းမှ ဒုရဲအုပ်စိုးစိုးထက်က မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ လက်ဝယ်ထားရှိမှု၊ သုံးစွဲမှုကြောင့် ရရှိလာမည့် ပြစ်မှု၊ ပြစ်ဒဏ်၊ ဥပဒေအကြောင်းများကို လည်းကောင်း အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ အ.မ.က(၈)ကျောင်းအုပ်ဆရာကြီးဦးအောင်သက်ဦးနှင့် ဆရာ၊ဆရာမများ၊ Grade-4 နှင့် Grade-5 မှကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားရှိသည့် မူးယစ်ဆေးဝါးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချောင်းသာ(ပြန်/ဆက်)