ချောင်းသာ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ မိုးရာသီတွင်အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းအနေဖြင့် အသိပညာပေး ဟောပြောပွဲနှင့် ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၈) အခြေခံပညာမူလတန်းကျောင်းတွင် ချောင်းသာမြို့တိုက်နယ်ကျန်းမာရေးဌာနကဦးဆောင်ပြီး ကွင်းဆင်းဆောင်ရွက်ကြောင်းသိရသည်။
ရှေးဦးစွာ ချောင်းသာမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်(၁)ဦးထွန်းအောင်ကိုက ခြင်မှတစ်ဆင့်ဖြစ်ပွားတက်သော သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့် ကာကွယ်ရေးနည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ရှင်းလင်းဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့်ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် တိုက်နယ်ကျန်းမာရေးဌာနနှင့် ချောင်းသာမြို့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်းပြီး အ.မ.က(၈) ကျောင်းဝန်းအတွင်း ခြင်မှဆစ်ဆင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်ရေးနှင့် ပိုးလောက်လမ်းပေါက်ဖွားမှုမှ ကာကွယ်နိုင်ရေးတို့အတွက် ခြင်များအလွယ် တစ်ကူခိုအောင်းနိုင်သည့် ရေတင်ကျန်နိုင်သောနေရာများ၊ ဘူးခွက်များ၊ ရေပုံး၊ ရေအိုး၊ ရေခွက်များကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း၊ ရေတွင်း၊ ရေကန်များအား အဘိတ်(abate) ဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောင်းသာ(ပြန်/ဆက်)