ဘားအံ ဇွန် ၁၅
ကရင်ပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ဘားအံတက္ကသိုလ် ကျောင်းသူလေးများက ပညာဘဏ်တိုက်စာကြည်တိုက်သို့သွားကြစို့ တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ စာအုပ်စာပေဖတ်ရှုခြင်း၊ စာကြည့်တိုက်များသို့သွားရောက်၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများရှိနေမှသာ နောင်အသက်အရွယ်ရလာသည့်အချိန်တွင် စာဖတ်သည့်ဓလေ့များ ဖြစ်ထွန်းပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ စာဖတ်သည့် ဓလေ့စရိုက် ထွန်းကားပြီး စာကြည့်တိုက်များသို့သွားရောက်၍ စာပေဖတ်ရှုခြင်းမှသည် စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက်ယဉ်ကျေးမှုလည်းထွန်းကားပြီး စာဖတ်ရှိန်မြှင့်မားခြင်းမှသည် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အခမ်းအနားသို့ တက်ရောက်လာသူများသည် နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေမည် Video Clip အား အတူတကွ ကြည့်ရှုခဲ့ကြပြီး ဘားအံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာထိပ်တင်ဟန်က စာဖတ်ခြင်းနှင့်ဘဝပညာ၊ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ စာရေးဆရာ ဦးသန်းအောင်(မောင်လူဝိုင်း)က စာဖတ်ခြင်းအနုပညာ ခေါင်းစဉ်များဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ဟောပြောဆွေးနွေး ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စာဖတ်ရှိန်မြှင့်တင်ရေးဟောပြော ဆွေးနွေးပေးကြသူများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားသို့ တက်ရောက်လာသော ဘားအံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော သုတ၊ ရသ၊ စာအုပ်စာစောင်များ၊ ဝင်းဝင်းစာပေ၊ ငွေတောင်စာပေနှင့် ဆန်းမိုးအောင်စာပေတို့မှ ခင်းကျင်းပြသရောင်းချသော စာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပညာရပ်စာအုပ်များနှင့်သုတ၊ရသ စာအုပ်ပေါင်း (၂၉၈၉၈) အုပ်ရှိသော ဘားအံတက္ကသိုလ်စာကြည့်တိုက်သို့ သွားရောက်၍ ဧည့်သည်တော် မှတ်တမ်းတွင် မှတ်တမ်းရေးသွင်းပြီး စာအုပ်၊စာစောင်များနှင့် စာဖတ်၊ စာငှားနေမှုအခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်ကို အသုံးပြုနေမှု အခြေအနေများ၊ ကွန်ပျူတာခန်းနှင့် စာအုပ်စာစောင်များ ခင်းကျင်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးကာ စာကြည့်တိုက်သို့ ထောက်ပံ့ငွေကျပ် သိန်း (၂၀) ကို ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးထံ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)