ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ပျိုရွယ်သူ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကျုံပျော် ဇွန် ၁၅

ပျိုရွယ်သူ အမျိုးသမီးငယ်များ ကျန်းမာရေးဗဟုသုတ ပြည့်စုံစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကာ ပျိုရွယ်သူကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ကြည်ကြည်ထွန်းက  မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ချမှတ်ထားသည့် ၂၀၂၄ ခုနှစ်၊ ရှေ့လုပ်ငန်းစဉ် (၉) ရပ်ကို  တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ‌ကြောင်း၊ လုပ်ငန်းစဉ် (၆)အရ ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ  စာမတတ်သူပပျောက်ရေး စာဖတ်ဝိုင်းများ ပြုလုပ်ခြင်း၊ ကျောင်းများတွင် သင်ထောက်ကူပစ္စည်းထောက်ပံ့ခြင်း၊  သွေးလွန်တုပ်ကွေးကာကွယ်ရေး၊ ကျောင်းကျန်းမာရေး ပညာပေးဟောပြောခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ‌ကြောင်း၊ ယနေ့  အသိပညာပေး ဟောပြောပွဲတွင်လည်း ကျန်းမာရေး ဗဟုသုတများ ရရှိနိုင်ပါစေကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားပြီး၊  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပျိုရွယ်သူ မိန်းကလေးများအတွက် သိသင့်သည့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များက ကျောင်းကျန်းမာရေး စစ်ဆေးနေမှုကို အားပေးကြည့်ရှုပြီး၊ အတန်းအသီးသီးရှိ ကျောင်းသား၊ ကျောင်းသူများထံသို့ ဗလာစာအုပ် ဒါဇင် (၂၀၀)၊ ထီး (၄၁) ချောင်း၊ ကျောင်းဝတ်စုံ (၄၁) စုံ၊ ဘော့ပင် ဒါဇင် (၅၀) နှင့် ခဲတံ ဒါဇင် (၅၀) တို့အား  ပေးအပ်လှူဒါန်းကာ အနာဂတ်အတွက် အားထားရသည့် သားသမီးရတနာများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်း အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)