ရွှေတောင် ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ရွှေတောင်မြို့နယ်၊ ဂွေးတောက်မြောင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူများနှင့် ယမန်နေ့ ညနေပိုင်းက တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသခံတောင်သူများအား မိုးစပါးစိုက်ပျိုးရာတွင် သက်တမ်းတို အထွက်ကောင်းမျိုးများ ပြောင်းလဲ စိုက်ပျိုးရေး၊ တစ်သီးစိုက်ဧကများမှ နှစ်သီးစိုက်ဧကများအဖြစ် ပြောင်းလဲစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး စသည်တို့အား ရှင်းလင်းဆွေးနွေးမှာကြားခဲ့ပြီး ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့ စေရန်အတွက် ဝါးတောသာ-အင်္ဂူ-ပေါင်းချုပ်လမ်း ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေးတို့အားတင်ပြခဲ့ပြီး ပေါင်းချုပ်ကျေးရွာနေ ပြည်သူများမှလည်း သောက်သုံးရေ လုံလောက်မှုရှိစေရေးအတွက် စက်ရေတွင်းတူးဖော်ပေးနိုင်ရေးတို့အား တင်ပြခဲ့ရာ ဝန်ကြီးချုပ်မှ တင်ပြချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဌာနများကို စိစစ်ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)