ဝေါ ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် နယ်လှည့်သုံးဘီးမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက အေးချမ်းသာယာရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(ဝေါ)ကျောင်းနှင့် မွန်းလွဲပိုင်းတွင် အရှေ့ဘက်ကမ်းရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(ဝေါအရှေ့)ကျောင်းတို့တွင် ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများအား စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းငှားရမ်းပေးရာတွင် ဆရာ၊ဆရာမများအား သုတစာအုပ်များနှင့် ကျောင်းသား၊ကျောင်းသူများအား ရသစာအုပ်များ၊ ကလေးဖတ်စာအုပ်စာစောင်များ ငှားရမ်းပေးပြီး၊ ကျောင်းသား၊ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်သီတာဝင်းက စက္ကူပြဇာတ်ဖြင့် ပုံပြင်များ ပြောကြားပေးသည်။
ထိုသို့ စာအုပ်၊ စာစောင်များကွင်းဆင်းငှားရမ်းဆောင်ရွက်ပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာရုံးများ ရပ်ကွက်ကျေးရွာများရှိ အခြေခံပညာကျောင်းများကို ကွင်းဆင်းငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)