မင်းဘူး ဇွန် ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ထနောင်းတောကျေးရွာအုပ်စု တောဘိုကုန်းကျေးရွာရှိ တောင်သူ ဦးစံမောင်၏လယ်မြေ၌ နွေနှမ်းသီးနှံအဖြစ် (ဂျပန်ဖြူ)နှမ်းမျိုးအား ဘောင်ကြီးတင်စနစ်ဖြင့် သရုပ်ပြစမ်းသပ်စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မင်းဘူး(စကု)မြို့နယ် ထနောင်းတောကျေးရွာအုပ်စု တောဘိုကုန်းကျေးရွာ ကွင်းအမှတ် ၁၁၈၉ ရှိ တောင်သူ ဦးစံမောင်၏ လယ်မြေ၌ နွေနှမ်းသီးနှံအဖြစ် (ဂျပန်ဖြူ) နှမ်းမျိုးအား ဘောင်ကြီးတင် စိုက်နည်းစနစ် သရုပ်ပြစိုက်ခင်း နှစ်ဧကနှင့် ထနောင်းတောကျေးရွာအုပ်စု ကွင်းအမှတ် ၁၁၉၁ ရှိ တောင်သူ ဒေါ်မြင့်၏ နွေနှမ်းသီးနှံစိုက်ခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ဇွန်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးပညာပေးရေးလုပ်ငန်းများကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြစိုက်ခင်းများတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သီးနှံမျိုးစေ့ သုံးစွဲမှုနှင့် စိုက်နည်းစနစ် မှန်ကန်စေရေး၊ တစ်ဧက ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရေးအတွက် စိုက်ပျိုးနည်းပညာများ ပံ့ပိုးကူညီကာ ဒေသခံတောင်သူများနှင့်ပူးပေါင်းပြီး ပညာပေးစမ်းသပ်ကွက်အဖြစ် အခြားတောင်သူများ လာရောက်လေ့လာနိုင်စေရန် စိုက်ပျိုးဆောင်ရွက်ထားကြောင်း၊ ဘောင်ကြီးတင်စနစ် စိုက်ပျိုးခြင်းအားဖြင့် သီးနှံစိုက် ပျိုးချိန် သဘာဝဘေးအန္တရာယ်ကြောင့် မိုးခေါင်ခြင်း၊ မိုးများခြင်း အခြေအနေများတွင် ရေသွင်း၊ ရေထုတ် လွယ်ကူစေခြင်း၊ အပင်ဝင်ဆံ့မှုအရေအတွက် မှန်ကန်ခြင်း၊ အပင်ပြုစုစောင့်ရှောက်မှု လွယ်ကူခြင်းစသည့် ကောင်းကျိုးများစွာ ရရှိနိုင်သည့်အတွက် နွေနှမ်းသီးနှံ ဘောင်ကြီးတင်စနစ်ကို မြို့နယ်အတွင်း၌ ပထမဆုံးအကြိမ်အဖြစ် ပညာပေးစိုက်ပျိုးပြသထားခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။
ဘောင်ကြီးတင်စနစ် စိုက်ပျိုးရာတွင် မြေယာပြုပြင်ပြီး ကြောင်းဆွဲကိရိယာဖြင့် ဘောင်ဖော်ကာ မျိုးစေ့ချကိရိယာအသုံးပြု၍ အပင်ကြား ၄ လက်မ အတန်းကြား ၄ လက်မနှုန်းဖြင့် တစ်ဧကနှမ်းမျိုးစေ့ တစ်ပြည်နှုန်း အသုံးပြုစိုက်ပျိုးထားကြောင်း၊ စိုက်နည်းစနစ်မှန်ကန်ပြီး အပင်ဦးရေ ဝင်ဆံ့သည့်အတွက် အနှုန်းအားဖြင့် တစ်ဧကပျမ်းမျှတင်း ၂၀ နှုန်း ထွက်ရှိနိုင်ကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် နွေနှမ်း သီးနှံများကို ရှေးသမရိုးကျ ပက်ကျဲစနစ် စိုက်ပျိုးခြင်းထက် ဘောင်ကြီးတင်စနစ်ကို စိုက်ပျိုးခြင်းက အထွက်နှုန်းပိုမိုရရှိပြီးများစွာ အကျိုး ဖြစ်ထွန်းစေနိုင်မှာ ဖြစ်ကြောင်း သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးနှင့် ဆီအိုးကြီးသဖွယ် ထားကိုးအားထားရေသော နှမ်းသီးနှံကို အထွက်နှုန်း တိုးတက် ရရှိနိုင်ရေးအတွက် ဒေသခံတောင်သူများ နည်းပညာများ လိုက်နာကျင့်သုံးရေး၊ အလေအလွင့်မရှိ ကြိုတင်ပြင်ဆင်နိုင်ရေး၊ လုပ်ငန်းသုံး လယ်လုပ်ကိရိယာများ တီထွင်ဆန်းသစ် ပြုလုပ်သုံးစွဲရေး၊ စိမ့်မြောင်း ပတ်မြောင်းများ ပြုလုပ်စေရေး၊ သက်လတ် အထွက်ကောင်းမျိုးများ ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ နှမ်းသီးနှံစိုက်ပျိုးမှု လုပ်ငန်းစဉ်များ သိရှိလိုက်နာခြင်းဖြင့် နှမ်းပင်ဖြစ် ထွန်းမှု ပိုမိုသိသာကောင်းမွန်ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းများအပြင် ယခုနှစ် နှမ်းသီးနှံ ရိတ်သိမ်းချိန်တွင် သီးသန့် ရွေးချယ်ပြီး မျိုးသန့်သိမ်းဆည်း၍ လာမည့်ရာသီအတွက် မျိုးသန့်အဖြစ် သုံးစွဲနိုင်ရေး လုပ်ငန်းများကို တောင်သူပညာ ပေး ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း ဦးဇော်လင်းက ရှင်းပြသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် ဆီးထွက်သီးနှံ အထူးဇုန်လုပ်ငန်းများ ဆောင်ရွက်ထားရှိပြီး ယခုနှစ် မိုးဆီထွက်သီးနှံအဖြစ် မိုးနှမ်းကို ဧက ၄၀၀၀၀ ၊ မိုးမြေပဲကို ၁၁၆၆၉ ဧကနှင့် မိုးနေကြာကို ဧက ၃၀၀၀ စုစုပေါင်း ၅၄၆၆၉ ဧက စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)