ပေါက်ခေါင်းမြို့နယ်၌ နွေစပါးပေါ်ချိန် စပါးအစိုတင်းတစ်ရာ ငွေကျပ် (၁၆) သိန်းကျော်ထိ ဈေးကောင်းရ

ပေါက်ခေါင်း ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ‌ နွေစပါးစိုက်တောင်သူများသည် မိုးစပါးသီးနှံများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် စပါးရိတ်သိမ်းခြွေလှေ့စက်များ ငှားရမ်းရိတ်သိမ်းလျက်ရှိရာ ယခုနှစ် နွေစပါးပေါ်ချိန် ရတနာတိုးစပါးမျိုးအစိုတင်းတစ်ရာ ငွေကျပ် (၁၆၅၀၀၀၀) အထိစျေး‌ကောင်းရရှိပြီး အရောင်းအဝယ်‌ဖြစ်လျက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် မိုးစပါးအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက်  ရင့်မှည့်ပြီးနွေစပါးခင်းများကို အမြန်ရိတ်သိမ်းလျက်ရှိသည်။ ယခုအခါမှာတော့ ဆောင်းသီးနှံမတ်ပဲ အားလုံးစိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။ နွေစပါးစိုက်တောင်သူများအ‌နေဖြင့် ယခုနှစ်တွင်စျေးကောင်းရရှိသော်လည်း  သွင်းအားစုများ၊ ဓာတ်မြေဩဇာ ဈေးနှုန်းမှာလည်း ဈေးနှုန်းမြင့်မားစွာဝယ်ယူအသုံးပြုခဲ့ရကြောင်းနှင့် ယမန်နေ့အထိ နွေစပါးပေါက်ဈေးမှာ  ရတနာတိုးစပါးအစိုတင်းတစ်ရာလျှင် ငွေကျပ် (၁၆၅၀၀၀၀)  စျေးနဲ့ရောင်းချရကြောင်းနှင့် တစ်ဧကပျှမ်းမျှတင်း (၁၀၀) အထိထွက်ရှိကြောင်း  ချောင်းကောင်းကျေးရွာမှနွေစပါး (၁၀) ဧကစိုက်ပျိုးထားသည့် တောင်သူတစ်ဦးထံမှသိရသည်။

ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄  ခုနှစ် နွေစပါးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွေစပါးသီးနှံ (၁၁၄၄၆) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)