ဓနုဖြူ ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီအတွက် ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်သည့်တောင်သူများအား စိုက်ပျိုးစရိတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကဉ္စနကျွန်းသာကုမ္ပဏီလီမိတက်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကဉ္စနကျွန်းသာကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝမ်းက သီးနှံစိုက်ပျိုးရေးဆိုင်ရာများအား အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများအား ရှင်းလင်းဆွေးနွေးပြီး၊ မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) Regional Head ဒေါ်ဖြူဖြူဆွေက ဘဏ်လုပ်ငန်းဆိုင်ရာ သိကောင်းစရာများအားရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ကဉ္စနကျွန်းကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းထွန်းက တောင်သူများအား ဓါတ်မြေသြဇာနှင့် မျိုးစပါးများပေးအပ်ခဲ့ရာ ကန်ထရိုက်လယ်ယာ တောင်သူတစ်ဦးက ကျေးဇူးတင် ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် ကဉ္စနကျွန်းသာကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာဦးသန်းထွန်းက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝမ်း၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးဟိန်းထက်ဇော်၊ အဖွဲ့ဝင် (၂) ဦးစိန်မောင်ဝင်း၊ အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်သူ၊ လယ်သမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)