ကျိုက်လတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းများ၌ ဌာနများပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲများ ပြုလုပ်

ကျိုက်လတ် ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲများကို ယမန်နေ့နံနက် (၁၀) နာရီက သဗြုဆိပ်ညောင်ချောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း ၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က မူးယစ်ဆေးဝါးသုံးစွဲမှု၏ဆိုးကျိုးများနှင့် လူကုန်ကူးမှုအကြောင်းသိကောင်းစရာများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမိုးမင်းသန်းက စားသုံးသူအခွင့်အရေးအကြောင်း၊ လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ အာမခံကိစ္စများ၊ စားသောက်ကုန်များနှင့်ပတ်သက်၍ ဆိုးဆေးများ၊ တာရှည်ခံဆေးများ၏ဆိုးကျိုးများ၊ သက်တမ်းလွန်စားသောက်ကုန်များ၏ အန္တရာယ်များအကြောင်းတို့ကို သရုပ်ပြဟောပြောခဲ့ကြသည်။

ထို့နောက် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး၊ လူကုန်ကူးမှုအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။ အဆိုပါ “လူငယ်အသိပညာပေး ဟောပြောပွဲ”သို့ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျိုက်လတ် (ပြန်/ဆက်)