ပိုင်ကျုံ ဇွန် ၁၄
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ ဒေသနေပြည်သူများသည်အများအားဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးများကိုသာ အဓိကအားထားလုပ်ကိုင်ကြပြီး မိုးဦးကျအချိန်တွင် ယင်းတို့၏ ကိုင်းမြေများ၌ တိရစ္ဆာန်မှထွက်ရှိသည့် သဘာဝမြေသြဇာများကိုအသုံးပြုလျက် ပဲတောင့်ရှည်မျိုးများကိုလည်း စိုက်ပျိုးထားကြသည်။
ပဲတောင့်ရှည်တွင် အပင်ပုမျိုးနှင့်အပင်ရှည်မျိုးဟူ၍ နှစ်မျိုးခွဲခြားစိုက်ထားကြသည်။ အပင်ရှည်မျိုးကို တိုင်ထောင်၍ စိုက်ပျိုးကြသည်။ မြေဩဇာအဖြစ် နွားချေကိုသာ အများဆုံးအသုံးပြုကြသည်။ တိုင်ထောင်ပဲကို တစ်တန်းနှင့်တစ်တန်း သုံးပေခြားပြီး တစ်ပင်နှင့်တစ်ပင် (၉-၁၂)လက်မခွာ၍ စိုက်ကြသည်။ အပင်ပုမျိုးများကို တစ်တန်းနှင့်တစ်တန်း(၁.၅-၂)ပေခြား၍ တစ်ပင်နှင့်တစ်ပင် နှစ်ပေခွာ၍ စိုက်ကြသည်။ ပဲတောင့်ရှည် တစ်ပိဿာလျှင်(၇၀၀၀)ကျပ်ဖြင့် ရောင်းချနိုင်ခဲ့ခြင်းကြောင့် မိသားစုအတွက် အပိုဝင်ငွေများရရှိလျက်ရှိကြောင်း စိုက်ပျိုးသူထံမှ သိရပါသည်။
ပိုင်ကျုံမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် မိမိပိုင်ဥယျာဉ်ခြံများတွင် မိသားစုစားဝတ်နေရေး အဆင်ပြေရေးအတွက် ပဲတောင့်ရှည်မျိုးများအပြင် သခွား၊ ချဉ်ပေါင်၊ ငရုပ်နှင့် အခြားဟင်းသီးဟင်းရွက်များလည်း စိုက်ပျိုးထားကြကြောင်း သိရှိရပါသည်။
နော်ခူး (ပြန်/ဆက်)