ပွင့်ဖြူ ဇွန် ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာအနီး၌ တည်ထားကိုးကွယ်တော်မူလျက်ရှိသည့် ရွှေပန်းမြိုင် စေတီတော်ဝန်းကျင် သာယာစိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေး အတွက် ရည်ရွယ်ကာ ယမန်နေ့က ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများ ပူးပေါင်းပြီး မိုးရာသီ အရိပ်ရ ပျိုးပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာန(တာဝန်ခံ) တောအုပ်ဦးအောင်ကျော်မိုးနှင့် ဝန်ထမ်းများ၊ ရွှေပန်းမြိုင်စေတီတော်ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး ရေတမာပင် ၃၀၊ တမာပင် ၃၀၊ မယ်ဇယ် ၃၀၊ ခရေ ၃၀ ပင်၊ စိန်ပန်းကြီး ၃၀ ပင်၊ စုစုပေါင်း အရိပ်ရပျိုးပင် ၁၅၀ အား စေတီတော်ပရဝုဏ်အတွင်း နဂါးရုံဘုရား ရေကန်နှင့် ရှင်ဥပဂုတ္တရေကန်တော်ဝန်းကျင် တို့တွင် စနစ်တကျ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက နှစ်စဉ်မိုးရာသီကာလများတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်စေရေး၊ ရာသီဥတုဂေဟစနစ် ကောင်းမွန်မျှတစေရေး၊ အပူဒဏ်ကာကွယ်နိုင်စေရေး၊ ဒေသခံပြည်သူများ သစ်တောသစ်ပင်အများ၏တန်ဖိုးကို သိရှိနာလည်ပြီး ပူးပေါင်းပါဝင်စိုက်ပျိုးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် အရိပ်ရပျိုးပင်များကို ပြုစု ပျိုးထောင်၍ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )