ကျွန်းစုမြို့တွင် ဒေသခံတောင်သူများအား ကော်ဖီနှင့် ကိုကိုးပျိုးပင်ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ကျွန်းစု ဇွန် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများအား ကော်ဖီနှင့် ကိုကိုးပျိုးပင်ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က ကော်ဖီနှင့် ကိုကိုးပင် စိုက်ပျိုး ခြင်းနှင့် ပတ်သက်၍ တောင်သူများအား ရှင်းလင်းပြောကြားခဲ့သည်။

ကျွန်းစုမြို့နယ်တွင် နှစ်ရှည်ပင်များအဖြစ် ရာဘာနှင့် ကွမ်းသီးပင်တို့ကို တောင်သူများက အဓိကထား စိုက်ပျိုးလျက်ရှိပြီး ဒေသရေမြေ ရာသီဥတုနှင့် ကိုက်ညီဖြစ်ထွန်းသော ကော်ဖီသီးနှံ ကို တိုးချဲ့စိုက်ပျိုးလာစေရန်၊ တောင်သူများ ဝင်ငွေတိုးပွားလာစေရန်နှင့် လူနေမှုဘဝမြင့်မား လာစေရန်၊ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်၊ နှစ်ရှည်သီးနှံ ရာဘာ၊ ကွမ်းသီးပင်များတန်းကြားတွင် ကော်ဖီပင်ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေတစ်ယူနစ် အသုံးချမှု တိုးတက်လာစေရန်၊ မြန်မာ့ကော်ဖီကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ပေးအပ်ခြင်းဖြစ်သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တောင်သူများအတွက် ၁၅၈ ဧကအတွင်း စိုက်ပျိုးရန် ကော်ဖီပျိုးပင် (၆၄၆၀၀)ပင်၊ ၁၀ ဧက အတွင်း စိုက်ပျိုးရန် ကိုကိုးပျိုးပင် (၄၀၀၀)ပင်တို့အား တောင်သူများထံ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)