ကျွန်းစုမြို့တွင် မြို့နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျွန်းစု ဇွန် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်ကလေးအလုပ်သမားပပျောက်ရေး‌ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန့်က ကလေးအလုပ်သမားအဖြစ် ခိုင်းစေခံရမှုဖြစ်စဉ်များနှင့် အရေးယူဆောင်ရွက် ထားရှိမှုများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့က ကလေးအလုပ်သမား၏ အဓိပ္ပာယ်နှင့်ကလေးအလုပ်သမား၏ အသက် အရွယ်အပိုင်းအခြားများ၊ ကလေးများအရွယ်မတိုင်မီ လုပ်ငန်းခွင်အတွင်း ရောက်ရှိလာသည့်အကြောင်းအရင်းများ၊ ကလေးများ၏ အလုပ် အချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ စသည့်အချက်များအား  ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများက ကဏ္ဍအသီးသီးအလိုက် ပြန်လည်ဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက လိုအပ်သည်များအား ဖြည့်စွက် ဆွေးနွေးခဲ့ကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)