လိပ်သိုဒေသ၌ ပေါ်ဉီးပေါ်ဖျား တညင်းသီးများ ဈေးကောင်းရရှိ

လိပ်သို ဇွန် ၁၄ 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီး၊ ကွမ်းရွက်၊ ကော်ဖီ၊ ရော်ဘာ၊ ဖာလာ၊ ဒူးရင်း၊ မင်းကွတ်များကို အသက်မွေးဝမ်းကျောင်းအဖြစ် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သည့် တညင်းပင်များကို တစ်နိုင်တစ်ပိုင်စီးပွားရေးအတွက် စိုက်ပျိုးကြပြီး ယခုဇွန်လဆန်းပိုင်းတွင် ပေါ်ဦးပေါ်ဖျားစတင်ဆွတ်ခူးချိန်၌ ဈေးကောင်းရရှိလျက်ရှိကြောင်း  သိရသည်။

ဒေသထွက် ဒညင်းသီးများကို ဝယ်ယူစားသုံးသူများပြားသောကြောင့် ယခုနှစ် ရာသီပေါ်စအချိန်တွင်  တစ်ပြည်လျှင် (၇၅၀၀)ကျပ်၊ တစ်ပုံးလျှင် (၆၀၀၀၀) အထိ ဈေးရရှိခဲ့သော်လည်း ယခုအခါကျေးရွာအများအပြားတွင် ထွက်ရှိလာပြီဖြစ်၍ ဈေးနှုန်းအနည်းငယ် ကျဆင်းလာကာ တစ်ပြည်လျှင် (၅၀၀၀)ကျပ်၊ တစ်ပုံးလျှင် (၄၀၀၀၀)ကျပ် ရရှိနေကြောင်း သိရသည်။

တညင်းပင်များကို အခြားသောနှစ်ရှည်ပင်များကြားတွင် သီးညှပ်စိုက်ပျိုးထားကြပြီး ယခုနှစ်တညင်းသီးပေါ်ချိန်အစတွင် တောင်ငူမြို့မှ လက်လီပြန်လည်ရောင်းချသောပွဲစားများက ကျေးရွာအရောက် လာရောက်ဝယ်ယူလျက်ရှိကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)